Oversea Myanmar Community
Would you like to react to this message? Create an account in a few clicks or log in to continue.

အမေရိကန်အရာရှိ မြန်မာနိုင်ငံခြားရေး ဝန်ကြီးကို နေပြည်တော်တွင် တွေ့ဆုံ

Go down

အမေရိကန်အရာရှိ မြန်မာနိုင်ငံခြားရေး ဝန်ကြီးကို နေပြည်တော်တွင် တွေ့ဆုံ Empty အမေရိကန်အရာရှိ မြန်မာနိုင်ငံခြားရေး ဝန်ကြီးကို နေပြည်တော်တွင် တွေ့ဆုံ

Post  soeaung Fri Mar 27, 2009 7:10 am

နယူးဒေလီ (မဇ္ဈိမ) ။ ။ နှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံရေး တိုးမြှင့်ရန်အတွက် မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် အမေရိကန်နိုင်ငံခြားရေးဌာန အရာရှိတဦး တွေ့ဆုံခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများက ယနေ့ ရေးသားသည်။

အရှေ့တောင်အာရှရေးရာ ညွှန်ကြားရေးမှူး စတီဖင် ဘလိပ် (Stephen Blake) သည် မြန်မာဝန်ကြီး ဦးဉာဏ်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အခြားအရာရှိများနှင့် ယမန်နေ့ တွေ့ဆုံခဲ့ကြောင်း မြန်မာ့အလင်းသတင်းစာ၏ ရေးသားချက်အရ သိရခြင်းဖြစ်သည်။

မစ္စတာဘလိပ်နှင့် ဦးဉာဏ်ဝင်းတို့သည် ‘အမေရိကန်နှင့် ပြည်ထောင်စု မြန်မာနိုင်ငံတို့အကြား အပြန်အလှန် ဆက်ဆံရေးများ မြှင့်တင်ရေးအတွက်၎င်း၊ အပြန်အလှန် အကျိုးတူ စီးပွားအတွက်၎င်း’ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်ဟု သတင်းစာက ဆိုထားသည်။

မစ္စတာဘလိပ်နှင့်အတူ မြို့တော်ဟောင်း ရန်ကုန်ရှိ အမေရိကန်သံရုံးမှ တာဝန်ခံသံမှူး လာရီဒင်းဂါး (Larry Dinger) နှင့် ပထမအတွင်းဝန် ဂျက်နီဖာဟာဟိုင်း (Jennifer Harhigh) တို့ လိုက်ပါခဲ့သည်။

သူသည် မြန်မာနိုင်ငံသို့ နှစ်များစွာအတွင်း ပထမဆုံး သွားရောက်လည်ပတ်သည့် အလယ်အလတ်တန်း အမေရိကန်အရာရှိ ဖြစ်သည်။ အမေရိကန်၏ မူဝါဒများကို ပြန်လည်သုံးသပ် အကဲဖြတ်လျက်ရှိကြောင်း အမေရိကန်နိုင်ငံက မကြာသေးခင်က အရိပ်အမြွက် ပြောကြားခဲ့ပြီးနောက် ဤခရီးစဉ်သည် ထူးခြားမှု ရှိနိုင်ကြောင်းနှင့် အကဲခတ်များက ပြောသည်။

ယခင်လက သွားရောက်ခဲ့သော သူမ၏ အာရှခရီးစဉ်အတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် က သမ္မတအိုဘားမား အစိုးရသည် အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒကို ပြန်စဉ်းစားနေကြောင်းနှင့် စစ်အစိုးရအပေါ် ချမှတ်ကျင့်သုံးခဲ့သော စီးပွားရေးပိတ်ဆို့မှုများသည် လိုချင်သောရလဒ်ကို မရရှိစေခဲ့ကြောင်း ထင်ရှားစွာ သက်သေပြခဲ့ပြီးဖြစ်သည်ဟု ပြောကြားခဲ့သည်။

မစ္စတာဘလိပ်၏ ယခုခရီးစဉ်သည် အမေရိကန်က မြန်မာစစ်အစိုးရနှင့် ဆက်ဆံရေးမဟာဗျူဟာကို တဖြည်းဖြည်း ပြောင်းလဲနေကြောင်း ညွန်ပြနေခြင်းဖြစ်သည်ဟု ပြည်ပရောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD-LA) ၏ နိုင်ငံခြားရေး တာဝန်ခံ ဦးညိုအုန်းမြင့်က ပြောသည်။

မြန်မာပြည်၏ လှုပ်လေမြုပ်လေ အခြေအနေအတွက် ချဉ်းကပ်နည်းအသစ်များကို သက်ဆိုင်သူအားလုံးနှင့် တိုင်ပင်ညှိနှိုင်း အကြံဉာဏ်ယူ၍ အမေရိကန်နိုင်ငံက ရှာဖွေနေကြောင်း သူက ပြောသည်။ နေပြည်တော်သို့ အမေရိကန် အလယ်အလတ်တန်း အရာရှိတဦး သွားရောက်သည်ကို သူ သတိထားမိကြောင်းနှင့် အဆိုပါ အရာရှိသည် စစ်အစိုးရထံတွင် တောင်းဆိုချက်အနည်းငယ် ပြုလုပ်မည်ဟု သူ နားလည်ထားကြောင်း ဆိုသည်။

“ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြု အကောင်အထည်ဖော်ဖို့အတွက် စစ်အစိုးရက တာဝန်ခံဖို့ လိုတယ်ဆိုတာကို ကျနော်တို့ အမေရိကန်အရာရှိတွေကို အကြံပေးခဲ့ပါတယ်” ဟု ဦးညိုအုန်းမြင့်က ပြောသည်။

အမေရိကန်သည် မြန်မာအတိုက်အခံများနှင့်လည်း တိုင်ပင်ဆွေးနွေးနေကြောင်း သူက ဆက်ပြောသည်။

ဤအတောအတွင်း ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် မြန်မာ့ရေးရာသုံးသပ်သူ ဦးအောင်နိုင်ဦးကလည်း ဤခရီးစဉ်သည် အမေရိကန်အနေဖြင့် မြန်မာစစ်အစိုးရနှင့် ဆက်ဆံရေးတွင် ချဉ်းကပ်မှုပုံစံအသစ် ပြောင်းလဲနေကြောင်း ညွှန်ပြနေသည်ဟု ပြောသည်။

သို့သော် သူက သတိပေးပြောကြားရာတွင် အမေရိကန်က သူတို့၏ ပိတ်ဆို့မှု မအောင်မြင်ကြောင်း ဝန်ခံခဲ့သော်လည်း မြန်မာ့ရေးရာ မူဝါဒတရပ်လုံးကို လုံးလုံးလျားလျား ပြောင်းလဲပစ်ဖွယ် မရှိဟု ဆိုသည်။

“အမေရိကန်က မြန်မာနိုင်ငံနဲ့ပတ်သက်ရင် အလားတူ မူဝါဒတွေကိုပဲ ဆက်ထားမှာပဲ။ ချဉ်းကပ်မှုပုံစံကို ပြောင်းလဲကောင်း ပြောင်းလဲနိုင်ပေမယ့် ဒီမိုကရေစီနည်းကျ အပြောင်းအလဲတွေလုပ်ဖို့ တောင်းဆိုတာမျိုးကတော့ ဆက်ရှိနေမှာပဲ” ဟု ဦးအောင်နိုင်ဦးက ပြောသည်။

ဘုရှ်အစိုးရလက်ထက် မအောင်မမြင်ဖြစ်ခဲ့ရသည့် မြန်မာနိုင်ငံဆိုင်ရာ ချဉ်းကပ်မှုများအတွက် အိုဘားမား အစိုးရသစ်က ချဉ်းကပ်မှုအသစ်များကို တဖန်ပြန်လည် ကြည့်ရှုရှာဖွေနေပုံရသည်ဟု သူက ပြောသည်။

အမေရိကန်နိုင်ငံသည် မြန်မာစစ်အစိုးရအပေါ် ၁၉၉၇ ခုနှစ်ကတည်းက စီးပွားရေး ပိတ်ဆို့အရေးယူမှုများကို ပြုလုပ်ခဲ့သည်။ ယခင်သမ္မတဟောင်း ဂျော့ဘုရှ်လက်ထက်တွင် ၂ဝဝ၇ ခုနှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့သော သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲများကို ရက်စက်စွာ နှိမ်နင်းခဲ့အပြီး နောက်ထပ် တိုးမြှင့်ပိတ်ဆို့ အရေးယူမှုများကို ၂ဝဝ၈ ခုနှစ် ဇူလိုင်လက ပြုလုပ်ခဲ့သည်။
soeaung
soeaung
Admin

Number of posts : 30
Registration date : 2009-03-07

Back to top Go down

အမေရိကန်အရာရှိ မြန်မာနိုင်ငံခြားရေး ဝန်ကြီးကို နေပြည်တော်တွင် တွေ့ဆုံ Empty ဒေသတွင်းအကျိုးသက်ရောက်မှု

Post  soeaung Fri Mar 27, 2009 7:11 am

မြန်မာ့ရေးရာ မူဝါဒသစ်သည် မည်သို့မည်ပုံ ရှိမည်ဆိုသည်ကို ဝါရှင်တန်က မည်သည့်အရိပ်အယောင်မျှ မပြသေးသော်လည်း အကဲခတ်များကမူ အမေရိကန်မူဝါဒသည် တရုတ်နိုင်ငံ အပါအဝင် ဒေသတွင်း နိုင်ငံများဆိုင်ရာ အမေရိကန် နိုင်ငံခြားရေး မူဝါဒများအပေါ်တွင် အဓိကထား ချိန်ဆပြုလုပ်သွားမည်ဟု ယုံကြည်နေကြသည်။

ဦးအောင်နိုင်ဦး၏ အပြောအရ လာမည့်နှစ်များအတွင်း မြန်မာပြည်နှင့် စပ်လျဉ်း၍ အမေရိကန်၏ ချဉ်းကပ်မှု မည်သို့ရှိမည်ဆိုသည်ကို တရုတ်နိုင်ငံက အလွန်သိချင်နေသည်ဟု သိရသည်။

“သူတို့ (ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေ) က တဦးချင်းအနေနဲ့ ကျနော့်ကို မကြာခဏ မေးကြတာရှိတယ်။ အမေရိကန်က အခုဘာလုပ်နေလဲ၊ သူတို့မူဝါဒက ဘယ်လိုရှိမလဲ စသဖြင့် မေးကြတယ်” ဟု သူက ပြောသည်။

တရုတ်-မြန်မာ နယ်စပ်အခြေစိုက် လေ့လာသုံးသပ်သူ ဦးအောင်ကျော်ဇော၏ အပြောအရမူ တရုတ်နိုင်ငံ၏ မဟာဗျူဟာ အကျိုးစီးပွားမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ယူနန်ပြည်နယ်သို့ "ဓါတ်ငွေ့ပိုက်လိုင်း သွယ်တန်းဖောက်လုပ်ရေး အပါအဝင် စီးပွားရေး သဘောတူညီချက်များနှင့် ယင်း၏ နယ်စပ်တလျှောက် တည်ငြိမ်အေးချမ်းရေး ဖြစ်သည်ဟု ဆိုသည်။

“အမေရိကန်-မြန်မာ ဆက်ဆံရေးကို တရုတ်က မသိကျိုးကျွံ လုပ်နေဖို့ဆိုတာ သူ့အတွက် အတော်ခက်ပါတယ်” ဟု ဦးအောင်ကျော်ဇောက မဇ္ဈိမနှင့် အစောပိုင်းက ပြုလုပ်ခဲ့သော အင်တာဗျူးတခုတွင် ပြောဆိုခဲ့သည်။

အမေရိကန်၏ မူဝါအပြောင်းအလဲသည် မြန်မာနိုင်ငံအဖို့ တရုတ်ပြည်အပေါ် မှီခိုနေရမှုကို လျှော့ချနိုင်မည် ဖြစ်သည့်အတွက် ပီကင်းအဖို့ စိုးရိမ်ပူပန်ဖွယ်ဖြစ်ကြောင်း ဦးညိုအုန်းမြင့်က ဆိုသည်။

“ဒါပေမဲ့ အိုဘားမားအစိုးရကလည်း တရုတ်နိုင်ငံနဲ့ တိုင်ပင်ညှိနှိုင်းပြီး ဆက်လုပ်သွားမယ့် သဘောရှိပါတယ်။ တဖက်ကလည်း မြန်မာပြည်က အမေရိကန်နဲ့ ဆက်ဆံရေး တည်ဆောက်သွားမယ်ဆိုရင်တောင် တရုတ်ကို စိတ်အေးချမ်းသာရှိအောင် နှစ်သိမ့်ပြီး ဆက်ဆံရေး ဆက်ထားသွားမှာပါပဲ” ဟု သူက ပြောသည်။
soeaung
soeaung
Admin

Number of posts : 30
Registration date : 2009-03-07

Back to top Go down

အမေရိကန်အရာရှိ မြန်မာနိုင်ငံခြားရေး ဝန်ကြီးကို နေပြည်တော်တွင် တွေ့ဆုံ Empty အတိုက်အခံများအပေါ် အကျိုးသက်ရောက်မှု

Post  soeaung Fri Mar 27, 2009 7:12 am

အကယ်၍သာ အမေရိကန်က သူ၏ မူဝါဒများကို အကြီးအကျယ် ပြောင်းလဲလိုက်ပြီး ပိတ်ဆို့မှုများကို ရုပ်သိမ်း၍ စစ်အစိုးရနှင့် ဆက်ဆံလိုက်ပါက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် မြန်မာအတိုက်အခံများအဖို့ ခေတ်နောက်ကျ အရေးမပါဘဲ ဖြစ်သွားနိုင်ကြောင်း အကဲခတ်အများအပြားက စိုးရိမ်ထိတ်လန့်နေကြသည်။

ပိတ်ဆို့မှုမူဝါဒနဲ့ စစ်အစိုးရကို အထီးကျန်အောင် လုပ်ရေးမူဝါဒတွေကိုသာ ဆက်ပြီး ထောက်ခံပြောဆိုဦးမည်ဆိုလျှင် အတိုက်အခံများသည် မဆီမဆိုင် ကင်းကွာသွားနိုင်သည့် အလားအလာများစွာရှိကြောင်း ဦးအောင်နိုင်ဦးက ပြောသည်။

မည်သို့ပင်ဆိုစေ မည်သည့်ပုံစံ၊ မည်သည့်အခြေအနေတွင်မဆို ဒေါ်အောင်ဆန်းစုကြည်လို အတိုက်အခံမျိုးကိုမူ ဘေးဖယ်ထား၍ မရနိုင်ကြောင်းနှင့် သူမ၏ ပါဝင်ဆောင်ရွက်မှုသည် ရှေ့သို့လှမ်းတက်ခြင်းဖြစ်သည်ဟု ရှုမြင်ကြမည် ဖြစ်သည့်အတွက် စစ်တပ်အတွက်ရော၊ အတိုက်အခံအတွက်ပါ အကျိုးရှိနိုင်ကြောင်း ဦးညိုအုန်းမြင့်က ပြောသည်။

“သူဟာ ပြယုဂ်တခုပါ။ သူ မပါဘဲနဲ့ ရှေ့တိုးဆောင်ရွက်ဖို့ဆိုတာ ခက်ပါတယ်။ သူ့ပါဝင်မှုဟာ နှစ်ဘက်လုံးအတွက် အကျိုးရှိပါတယ်” ဟု သူက ဆိုသည်။

မြန်မာနိုင်ငံကို ချဉ်းကပ်ရေးအတွက် အိုဘားမားအစိုးရက ပြင်ဆင်ပြောင်းလဲသည် ဆိုစေဦးတော့၊ လက်ရှိမူဝါဒကို အပြောင်းအလဲလုပ်ရေးကိစ္စ အကောင်အထည်ဖော်ရန် ကွန်ဂရက်လွှတ်တော်၏ အတည်ပြုထောက်ခံမှု လိုအပ်သေးသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးမှ အစချီသည့် လက်ဆုပ်လက်ကိုင်ပြနိုင်သည့် အပြောင်းအလဲများ စတင်၍ အကောင်အထည်ဖော်နေကြောင်း စစ်အစိုးရက သက်သေမပြနိုင်လျှင် ထိုသို့ ကွန်ဂရက်လွှတ်တော်၏ ထောက်ခံအတည်ပြုမှုကို ရရှိရန်မှာ ခက်ခဲသည်။

တနင်္လာနေ့ကလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကုလသမဂ္ဂ မတရား ဖမ်းဆီးထိန်းသိမ်းထားခြင်း အလုပ်အဖွဲ့၏ ဆုံးဖြတ်ချက်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားခြင်းသည် တရားမဝင် ဆိုသည့် ဆုံးဖြတ်ချက်ကို သဘောတူကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ဤအချက်က အမေရိကန်သည် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် မြန်မာစစ်အစိုးရကို ဆက်လက်၍ ဖိအားပေးသွားမည်ဆိုသည်ကို ပြဆိုနေကြောင်းဖြင့် ဦးညိုအုန်းမြင့်က အဆုံးသတ်တွင် ပြောဆိုခဲ့သည်။
soeaung
soeaung
Admin

Number of posts : 30
Registration date : 2009-03-07

Back to top Go down

အမေရိကန်အရာရှိ မြန်မာနိုင်ငံခြားရေး ဝန်ကြီးကို နေပြည်တော်တွင် တွေ့ဆုံ Empty Re: အမေရိကန်အရာရှိ မြန်မာနိုင်ငံခြားရေး ဝန်ကြီးကို နေပြည်တော်တွင် တွေ့ဆုံ

Post  Sponsored content


Sponsored content


Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum